လိင်တံကျိုးတယ်ဆိုတာ ဘယ်လိုမျိုးလဲ
မယုံမရှိပါနဲ့။ သံချောင်းထက်ပိုပြီး မာကျောပါတယ်လို့ ဘဒိုတို့ ကြွေးကြော်နေတတ်တဲ့ လိင်တံဟာ အမှန်တကယ် ကျိုးနိုင်ပါတယ်။ လိင်တံကျိုးတယ်ဆိုတာ တကယ်တော့ ထောင်မတ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့လိင်တံပေါ်ကို ပြင်းထန်တဲ့ အားတစ်ခုကြောင့် ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတာကြောင့် လိမ်ချိုးလိုက်သလို ကွေးသွားတာပဲ ဖြစ်ပါတယ်။
ယောက်ျားလေးတွေ လိင်တံထောင်မတ်ဖို့ လိင်စိတ်ဆန္ဒ၊ အတွေးတစ်ခုခု ဖြစ်လာတဲ့အခါ ဦးနှောက်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို Signal တွေ ပေးပို့ပြီး လိင်အင်္ဂါအတွင်းမှာရှိတဲ့ Corpora Cavernosa ဆိုတဲ့ အခန်း (၂) ခန်းထဲကို သွေးတွေ အလျင်အမြန် စီးဆင်းစေပါတယ်။ လိင်အင်္ဂါအတွင်းမှာ သွေးတွေ စီးဆင်းလာတာကြောင့် ဖောင်းကြွလာပြီး လိင်တံထောင်မတ်ခြင်းကို ဖြစ်စေပါတယ်။
ထောင်မတ်နေတဲ့ လိင်တံကို လက်နဲ့အာသာဖြေတာ၊ လိင်ဆက်ဆံတာတွေ ပြုမူတတ်ပြီး လိင်စိတ်ဆန္ဒ ပြီးမြောက်လို့ သုက်လွှတ်ပြီးသွားတော့မှပဲ သွေးတွေက လိင်အင်္ဂါကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန်စီးဆင်းလို့ လိင်တံ ပျော့ကျသွားပါတယ်။ ထောင်မတ်နေချိန်မှာ လိင်တံဟာ တင်းမာနေတာကြောင့် အမျိုးသားတစ်ယောက်အတွက် ထိခိုက်နာကျင်မှု အဖြစ်ဆုံး အခြေအနေလို့ ဆိုလို့ရပါတယ်။
ဒီတော့ လိင်တံကျိုးစေတဲ့ အခြေအနေတွေကို သုံးသပ်ကြည့်မယ်ဆိုရင်
- ထောင်မတ်နေချိန်မှာ အမြင့်တစ်နေရာကနေ ပြုတ်ကျခြင်း
- မာကျောတဲ့ အရာတစ်ခုနဲ့ လိင်တံကို ထိခိုက်မိခြင်း
- ပြင်းပြင်းထန်ထန် လိင်ဆက်ဆံခြင်း
- ထောင်မတ်နေတဲ့ လိင်တံပေါ်ကို အားနဲ့တက်ထိုင်ပြီး ဆက်ဆံခြင်း စတာတွေကြောင့် အများဆုံး ဖြစ်နိုင်ပါတယ်။
တခြားဖြစ်စဉ်တွေအနေနဲ့
- ကြိမ်ဖန်များစွာ အာသာဖြေခြင်းကြောင့် လိင်တံတစ်ရှူးထဲမှာ ဒဏ်ဖြစ်နေခြင်း
- အပြာရုပ်ရှင်တွေထဲကလို လိင်တံကို အောက်ချိုးပြီး ခါပြခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လိင်တံကျိုးတဲ့အခါ ဂျွတ်ကနဲ မြည်သံတစ်ခုကို ကြားမိမှာဖြစ်ပြီး တခြားလက္ခဏာအနေနဲ့
- လိင်တံအတွင်းကနေ ချက်ချင်း နာကျင်မှုဝေဒနာ ခံစားရခြင်း
- ထောင်မတ်နေတဲ့ လိင်တံက အလျင်အမြန် ပျော့ကျသွားခြင်း
- လိင်တံကိုယ်ထည်က ရောင်နေခြင်း
- လိင်တံအတွင်း သွေးထွက်နေခြင်းကြောင့် အရောင်က ခရမ်းရောင်သမ်းနေတတ်ခြင်း
- ထောင်မတ်နေတဲ့လိင်တံ ကျိုးနေတဲ့နေရာမှာ ကွေးနေခြင်း၊ စောင်းနေခြင်း၊ ပုံစံပျက်နေခြင်း စတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။
တစ်ခါတလေ ပြင်းထန်တဲ့အခြေအနေမျိုးမှာ လိင်တံကျိုးတာကနေ အတွင်းထဲမှာရှိတဲ့ ဆီးပို့ပြွန်ကိုပါ ရောပြီးထိခိုက်မိစေသလို အတွင်းမှာ သွေးထွက်၊ သွေးပိတ်တာတွေ ဖြစ်ပြီး ဆီးသွားရခက်တာ၊ ဆီးထွက်တဲ့ လိင်တံထိပ်အပေါက်ဝမှာ သွေးစတွေ ထွက်လာတာမျိုးတွေပါ ဖြစ်နိုင်ပါတယ်။
လိင်တံကျိုးခြင်းဟာ အန္တရာယ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ကိုယ့်မှာဖြစ်ပြီဆိုတာနဲ့ ချက်ချင်း အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆရာဝန်အနေနဲ့ ဖြစ်စဉ် ဖြစ်ပွားတုန်းက အခြေအနေနဲ့ လက္ခဏာတွေကို အရင်ဆုံးမေးမှာဖြစ်ပြီး၊ လိင်တံကို အသေးစိတ် ကြည့်ရှုစစ်ဆေးတာ၊ အာထရာဆောင်းနဲ့ စစ်ဆေးတာတွေကို ပြုလုပ်မှာဖြစ်ပါတယ်။
စစ်ဆေးမှုတွေ အားလုံးပြီးသွားတဲ့အချိန် လိင်တံကျိုးတယ်လို့ အတည်ပြုချက်ရပြီဆိုတာနဲ့ ဆရာဝန်ကနေ ခွဲစိတ်ကုသမှု ပြုလုပ်ဖို့ အကြံပေးမှာဖြစ်ပါတယ်။ လိင်တံကျိုးတဲ့ပြဿနာဟာ စောစောကုသနိုင်လေ ပိုကောင်းလေဖြစ်ပြီး၊ ခွဲစိတ်ကုသမှုမခံယူဘဲ ဘယ်လိုမှ သက်သာပျောက်ကင်းသွားမှာ မဟုတ်ပါဘူး။
ခွဲစိတ်မှုပြီးသွားတဲ့အခါ အနည်းဆုံး (၆) ပတ်လောက်အထိ လိင်မှုကိစ္စ၊ အပြုအမူအားလုံးကို ရပ်နားထားဖို့ လိုအပ်ပြီး ဒီကြားထဲမှာလည်း ဆရာဝန်ကနေ လိင်တံထောင်မတ်ခြင်း မဖြစ်စေဖို့ ဆေးတွေကို ပေးသွားမှာဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ လိင်တံပုံစံ၊ လိင်တံထောင်မတ်နိုင်စွမ်းက အရင်ကလိုမဟုတ်ဘဲ အနည်းငယ် ပြောင်းလဲနေတတ်ပြီး ဒါကို ဖြည်းဖြည်းချင်း ပြန်ကုသလို့ ရပါတယ်။
အကယ်လို့ ကုသမှုမခံယူဘူးဆိုရင်တော့ လိင်တံကွေးကောက်သွားတာအပြင် ရာသက်ပန် လိင်တံမထောင်မတ်နိုင်တော့တာ၊ လိင်တံထောင်မတ်နိုင်စွမ်းကို ကြာရှည်မထိန်းထားနိုင်တော့တဲ့ ပြဿနာကို ကြုံရနိုင်တာကြောင့် မကြုံစဖူး ကိုယ့်အလှည့်ကျမှ ကျိုးသွားခဲ့ရင် အကြောက်မလွန်ဘဲ ဆေးခန်းသွားပြဖို့သာ အကြံပေးလိုက်ချင်ပါတယ်။
ရဲမျိုးမြတ်